🥬 အမြတ်အစွန်းများသည် စီးပွားရေးလုပ်ငန်းများအား ဓနတိုးစေမည့် လုပ်ဆောင်ချက်များဆီသို့ တည့်မတ်ပေးသည်။

|

နိုင်ငံတစ်နိုင်ငံတွင် ယင်း၏ မြေ၊ အဆောက်အဦနှင့် လူ့အရင်းအမြစ်များကို အဖိုးတန်သည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရာတွင် အသုံးပြုနိုင်လျှင် ထိုနိုင်ငံ၏လူထုမှာ အကျိုးခံစားရမည် ဖြစ်သည်။ မည်သည့်အချိန်ကာလတွင်မဆို မရေမတွက်နိုင်သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများစွာ လုပ်ဆောင်ရန် စဥ်းစားသုံသပ်နေကြသည်။ အချို့ရင်းနှီးမြှပ်နှံမှုများမှာ စားသုံးသူကျေနပ်မှုကို မြှင့်တက်စေသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရာတွင် အရင်းအမြစ်များကို သုံးစွဲကြသောကြောင့် စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်စေသည်။ အချို့ရင်းနှီးမြှုပ်နှံမှုများမှာ အရင်းအမြစ်များ၏ အသုံးဝင်မှုတန်ဖိုးနှင့် စီးပွားရေးတိုးတက်မှုကို လျှော့နည်းစေသည်။ မိမိတို့အနေဖြင့် အရင်းအမြစ်များကို အကောင်းဆုံးအသုံးချမည်ဆိုလျှင် တန်ဖိုးမြင့်တက်စေမည့် စီမံကိန်းများကို အားပေးရမည်ဖြစ်ပြီး အကျိုးသိပ်မရှိဖြစ်စေသည့် စီမံကိန်းများကို တားမြစ်ရမည်ဖြစ်သည်။

⛑️ စျေးနှုန်းများက ရောင်းသူနှင့် ဝယ်သူများ၏ ရွေးချယ်မှုများကို ဟန်ချက်ညီစေသည်။

|

စျေးကွက်စျေးနှုန်းများက ရောင်းဝယ်၊ ဝယ်သူများ၏ ရွေးချယ်မှုများကို လွှမ်းမိုးပါလိမ့်မည်။ ကုန်စည်တစ်ခု စျေးနှုန်းတက်လာပြီး ဝယ်ယူစရိတ်ကြီးမြင့်လာသည့်အခါ ပုံမှန်အားဖြင့် ဝယ်သူတို့က အရေအတွက် လျော့နည်းဝယ်ယူတတ်ကြသည်။ ထို့ကြောင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု၏ စျေးနှုန်းနှင့် ဝယ်လိုသည့်အရေအတွက်အကြား အပျက်သဘော ဆက်စပ်မှုတစ်ခု ရှိသည်။ ၎င်းဆက်စပ်မှုကို ဝယ်လိုအားနိယာမဟု ခေါ်သည်။

ရောင်းသူများအဖို့မှာ ကုန်စည်တစ်ခုစျေးနှုန်းတက်ခြင်းကြောင့် စိတ်အားထက်သန်စွာဖြင့် ယင်းကုန်စည်ကို ပိုမိုထုတ်လုပ်ရောင်းချလာနိုင်စေသည့် ထပ်တိုးဝင်ငွေးများ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကုန်စည်တစ်ခု၏ စျေးနှုန်းနှင့် ထုတ်လုပ်သူက ထုတ်လုပ်ရောင်းချသည့် အရေအတွက်အကြား အပြုသဘောဆက်သွယ်ချင်တစ်ခု ရှိသည်။ ၎င်းဆက်သွယ်ချက်ကို ရောင်းလိုအားနိယာမဟု ခေါ်သည်။

📈 ရောင်းဝယ်မှုဆိုင်ရာ ကုန်ကျစရိတ်များမှာ ကုန်သွယ်ရေးအတွက် အတားအဆီးတစ်ခု ဖြစ်သည်။

|

မိမိဆန္ဒအလျောက် ဖလှယ်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်စေပြီး မိမိတို့ လိုလားသည့် အရာဝတ္ထများကိုလည်း ပိုမိုရရှိစေသည်။ သို့သော် ကုန်သွယ်မှု ကိုယ်၌သည်ပင်လျှင် အကုန်အကျများပါသည်။ အလားအလာရှိသည့် ကုန်သွယ်ဖက်များရှာဖွေ၍ ကုန်သွယ်မှုများ ညှိနှိုင်းပြီး အရောင်းအဝယ် အထမြောက်စေရန် အချိန်၊ ကြိုးစားအားထုတ်မှုနှင့် အခြားသောအရင်းအမြစ်များ လိုအပ်ပါသည်။ ဤနည်းဖြင့် အသုံးပြုလိုက်ရသည့် အရင်းအမြစ်များကို ရောင်းဝယ်မှုဆိုင်ရာ ကုန်ကျစရိတ်များဟု ခေါ်ပြီး ဥစ္စဓန တိုးပွားရေးအတွက် အတားအဆီးတစ်ခု ဖြစ်သည်။ ယင်းတို့က မိမိတို့၏ ထုတ်လုပ်နိုင်စွမ်းနှင့် နှစ်ဘက်အကျိုးရှိ ကုန်သွယ်ရေးများမှ အကျိုးအမြတ်များ ရရှိရေးကို ကန့်သတ်သည်။